MMCO
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း
မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း — အခန်း (၁၁) ခန်း၊ ပုဒ်မ (၄၃) ခု။
အဓိပ္ပာယ်ဖွင့်ဆိုချက်
၁။ ယခုဖွဲ့စည်းပုံအခြေခံစည်းမျဉ်းတွင် ပါရှိသောစကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ်သက်ရောက်စေရမည် —
- က တေးဂီတလုပ်ငန်း ဆိုသည်မှာ — တေးရေးသူ၊ တေးဆိုသူ၊ တီးမှုတ်သူ၊ တေးဂီတစီစဉ်သူ၊ ထုတ်လုပ်/ဖြန့်ချိသူ၊ ဂီတလုပ်ငန်းနှင့်ဆက်စပ်၍ စက်မှုပိုင်ဆိုင်ရာပါဝင် ပတ်သက်သူများမှ ဝါသနာအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ လုပ်ကိုင်ဆောင်ရွက်ကြသည့် ဂီတလုပ်ငန်းများအားလုံးကို ဆိုလိုသည်။
- ခ တေးသီချင်း (Song) ဆိုသည်မှာ — (Own Tune သို့မဟုတ် Copy) သံစဉ်များပေါ်တွင် အခြေခံ၍ တေးသံရှင်များ သီဆိုထားသည့်အသံများကို ထည့်သွင်းထိန်းသိမ်းမှတ်သားနိုင်သည့် တိပ်ခွေ၊ ကက်ဆက်ခွေ၊ လေဆာဒေါက်ပြား သို့မဟုတ် အခြားသော နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ ဂီတအနုပညာဖန်တီးထုတ်လုပ်မှုကို ဆိုလိုသည်။
- ဂ တေးရေးသူ (Composer) ဆိုသည်မှာ — တေးသီချင်းတစ်ပုဒ်၏ စာသားနှင့်သံစဉ် အမျိုးမျိုးကိုသော်လည်းကောင်း၊ နှစ်မျိုးစလုံးကိုသော်လည်းကောင်း ဖန်တီးရေးစပ်သီကုံးသူများကို ဆိုလိုပါသည်။
- ဃ တေးဆိုသူ (Vocalist) ဆိုသည်မှာ — မည်သည့်တေးဂီတအမျိုးအစားကိုဖြစ်စေ သီဆိုသူ (ဝါသနာရှင်၊ ပညာရှင်) အားလုံးကို ဆိုလိုသည်။
- င ဂီတပညာရှင် (Musician) ဆိုသည်မှာ — (က) မည်သည့်တူရိယာပစ္စည်းအမျိုးအစားကိုမဆို အသုံးပြုတီးမှုတ်သူ၊ စီမံခန့်ခွဲသူများ၊ (ခ) စက်မှုနည်းပညာရပ်များကို အသုံးပြု၍ တေးဂီတဖန်တီးသူများ၊ (ဂ) တေးဂီတလုပ်ငန်းများကို စီမံခန့်ခွဲသူများကို ဆိုလိုပါသည်။
- စ စက်မှုပစ္စည်းများဆိုင်ရာ မူပိုင်ခွင့် ဆိုသည်မှာ — စတူဒီယိုအတွင်း အသံသွင်းခြင်းလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းရှင်များအားလုံးကို ဆိုလိုပါသည်။
- ဆ ဤဖွဲ့စည်းပုံစည်းမျဉ်းများကို တင်ပြလာသည့် မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများ ဆိုသည်မှာ — တေးစီးရီးအယ်လ်ဘမ် တစ်ခုလုံးအား စီစဉ်ပြီး ငွေကြေးစိုက်ထုတ်ခြင်း၊ အနုပညာဖန်တီးမှုများကို စနစ်တကျဖြစ်ရန် စီမံခန့်ခွဲဆောင်ရွက်ခြင်း၊ အများပြည်သူများလက်သို့ရောက်ရှိအောင် ဖြန့်ချိပေးခြင်း (Distribution) စသည့်လုပ်ငန်းများကို ဆောင်ရွက်သူများဖြစ်သည်။
- ဇ အသင်းဝင် ဆိုသည်မှာ — မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) ၏ အသင်းဝင်အဖြစ် တရားဝင်အသိအမှတ်ပြုပြီးသူကို ဆိုလိုသည်။
- ဈ စာရင်းစစ်အဖွဲ့ ဆိုသည်မှာ — သက်တမ်းအလိုက် တာဝန်ထမ်းဆောင်သည့် မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) အလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်များအရ ရွေးချယ်ခန့်အပ်သောစာရင်းစစ် (Auditor) အဖွဲ့ကို ဆိုလိုပါသည်။
အမည်၊ တံဆိပ်၊ အမှတ်အသား၊ တည်နေရာ၊ ဆောင်ပုဒ်
၂။ (က) ဤအဖွဲ့အစည်း၏အမည်ကို (မြန်မာဘာသာဖြင့်) “မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း” ဟု၍လည်းကောင်း၊ (အင်္ဂလိပ်ဘာသာဖြင့်) “MYANMAR MUSIC CONTENT ORGANIZATION” ဟု၍လည်းကောင်း ခေါ်တွင်ပါသည်။
၂။ (ခ) ဤစည်းမျဉ်း၏ နောက်ပိုင်းတွင် ဖော်ပြရာ၌ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) ဟူသောစကားရပ်ကို အသုံးပြုမည်။
၃။ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း တံဆိပ်အမှတ်အသားကို သတ်မှတ်သည်။
၄။ ဓာတ်ပြားသည် တေးထုတ်လုပ်သူများ၏ သီချင်းများထုတ်လုပ်ခြင်းစတင်စဉ်မှ ယနေ့ခေတ်ကာလအထိ ရေရှည်သုံးစွဲနေရသည့် ပစ္စည်းတစ်ခုဖြစ်ကြောင်း၊ မည်သူမျှမငြင်းနိုင်သော ရုပ်ဝတ္ထုတစ်ခုဖြစ်ပြီး ဖန်တီးထားသောတေးသီချင်းများအား ရေရှည်တည်တံ့ခိုင်မြဲအောင် လက်ဆင့်ကမ်း သယ်ယူပေးခဲ့သော အရာဝတ္ထုတစ်ခုဖြစ်သည့် အဓိပ္ပာယ်ကို ဖော်ဆောင်သည်။
၅။ အသင်း၏ တည်နေရာသည် 10-01, Crystal Tower, ကြည့်တော်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ဖြစ်ပါသည်။
၆။ အသင်း၏ ဆောင်ပုဒ်သည် “ဂီတမြင့်မား ပြည့်အင်အား” ဖြစ်ပါသည်။
အသင်းဝင်ဖြစ်ခြင်းနှင့် အသင်းဝင်အဖြစ်မှ နုတ်ထွက်ခြင်း
၇။ အောက်ပါအရည်အချင်းများနှင့်ပြည့်စုံ၍ ဤအဖွဲ့အစည်း၏ အုပ်ချုပ်ပုံအခြေခံစည်းမျဉ်းပါ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ဂီတထုတ်လုပ်သူများကို လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ အမျိုးသား၊ အမျိုးသမီး အဆင့်အတန်းမခွဲခြားဘဲ မိမိဆန္ဒအလျောက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝင်ခွင့်ရှိသည် —
- က ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ပြီး အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမည်။
- ခ နိုင်ငံတော်မှ သတ်မှတ်ပြဌာန်းထားသော တေးထုတ်လုပ်ရေးလုပ်ငန်းလိုင်စင်ရှိသူများနှင့် လိုင်စင်မရှိသော်လည်း မိမိတို့သီချင်းများအား ကိုယ်တိုင်တေးသီချင်းထုတ်လုပ်သူ အကျုံးဝင်သော မည်သူမဆို အသင်းသားအဖြစ် ပါဝင်ပိုင်ခွင့်ရှိသည်။
- ဂ အသင်း၏ဖွဲ့စည်းပုံစည်းမျဉ်းများကို မိမိကိုယ်တိုင်သိရှိနားလည်၍ အသင်းတွင် ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာမည့်သူဖြစ်ရမည်။
- ဃ အသင်းဝင်လိုသော အသင်းဝင်အသစ်များသည် အသင်းတွင် လိုအပ်သလိုလျှောက်ထားနိုင်သည်။ မိမိထုတ်လုပ်စီစဉ်ဖူးသော အထောက်အထားများ၊ လုပ်ငန်းလိုင်စင်များကို လိုအပ်ပါက အသင်းသို့ တင်ပြနိုင်ရမည်။
၈။ အသင်းဝင်ခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ရမည် —
- က သတ်မှတ်ထားသော အသင်းဝင်ခွင့်အဆိုပြုလွှာပုံစံကို ပြည့်စွက်ရေးသား၍ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်။
- ခ အထက်အပိုဒ် (က) အရ တင်သွင်းလာသောအဆိုပြုလွှာပုံစံကို မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) မှ စိစစ်၍ ဘုတ်အဖွဲ့မှ လက်ခံပါက သတ်မှတ်ထားသော ဝင်ကြေးများကို ပေးသွင်းရမည်ဖြစ်ပြီး ဝင်ကြေးပေးသွင်းရမည့်နေ့မှစ၍ အသင်းဝင်အဖြစ် သတ်မှတ်သည်။
၉။ အသင်းဝင်အမျိုးအစားကို အောက်ပါအတိုင်း သတ်မှတ်သည် —
- က ဂီတလောကတွင် ဂီတထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းလိုင်စင်သက်တမ်းရှိလျှင်သော်လည်းကောင်း၊ ကျော်ကြားမှုရှိသူများကိုသော်လည်းကောင်း အသက်မွေးဝမ်းကျောင်းအဆင့် အသင်းဝင်အဖြစ် သတ်မှတ်သည်။
- ခ အပိုဒ် (က) ပါ အသက်မွေးဝမ်းကျောင်းအဆင့်မဟုတ်စေကာမူ ဝါသနာအရ တေးသီချင်းများ စီစဉ်သူအဖြစ်လည်းကောင်း၊ ဂီတထုတ်လုပ်ဖြန့်ချိသူ၊ ငှားရမ်းသူ၊ ကူးယူသူလုပ်ငန်းရှင်အဖြစ်လည်းကောင်း ဆောင်ရွက်နေသူများအား အသင်းဝင် (ဝါသနာရှင်) အဖြစ် သတ်မှတ်သည်။
၁၀။ နာယကကြီးများ ရွေးချယ်တင်မြှောက်ခြင်း —
- က နာယကဂုဏ် ၆ ပါးနှင့်ပြည့်စုံ၍ ဂီတလောကသားတို့၏ ရိုသေလေးစားထိုက်သော တေးဂီတထုတ်လုပ်ခဲ့ဖူးသူဖြစ်ခြင်း။
- ခ အသက် ၇၀ နှစ် ပြည့်ပြီးသူဖြစ်ခြင်း။
၁၁။ ဘုတ်အဖွဲ့ဝင်များကို အောက်ပါအတိုင်း ရွေးချယ်ရမည် — နာယက ၂ ဦး၊ ဥက္ကဋ္ဌ ၁ ဦး၊ ဒု-ဥက္ကဋ္ဌ ၁ ဦး၊ အတွင်းရေးမှူး ၁ ဦး၊ ဘဏ္ဍာရေးမှူး ၁ ဦး၊ စာရင်းစစ် ၁ ဦး၊ ပြန်ကြားရေးမှူး ၁ ဦး၊ နိုင်ငံတကာဆက်ဆံရေးမှူး ၁ ဦး၊ အဖွဲ့ဝင် ၂ ဦး — စုစုပေါင်း ၁၁ ဦး။
၁၂။ ဘုတ်အဖွဲ့သည် ဒီမိုကရေစီစနစ်ကိုအခြေပြု၍ အများဆန္ဒအရ ရွေးချယ်သည့် အဖွဲ့အစည်းအဖြစ် အသင်းမှ သတ်မှတ်ထားသော စည်းမျဉ်းဘောင်အတွင်း တာဝန်ယူ၍ စီမံခန့်ခွဲသောစနစ်ဖြင့် လိုက်နာကျင့်သုံးရမည် —
- က ဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ရာတွင် အဖွဲ့ဝင်များ၏ အများဆန္ဒအရ ရွေးချယ်တင်မြှောက်ခြင်းဖြစ်ပြီး အများဆန္ဒအရလည်း တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်ရမည်။
- ခ အသင်း၏ အခါအားလျော်စွာသတ်မှတ်ထားသည့် မျက်နှာစုံညီအစည်းအဝေးနှင့် လိုအပ်ပါက ဘုတ်အဖွဲ့ဝင်များ၏ ကြားဖြတ်အစည်းအဝေး ဆုံးဖြတ်ချက်များကို လိုက်နာဆောင်ရွက်ရမည်။
- ဂ ဘုတ်အဖွဲ့အနေဖြင့် အသင်းသားများ၏ စီးပွားရေးရာကိစ္စဝဝကို တာဝန်ခံဆောင်ရွက်ရမည်။
၁၃။ ဘုတ်အဖွဲ့ဝင်ကော်မတီသည် အသင်းဝင်တစ်စီဦးအား အသင်း၏စည်းမျဉ်းများကို လိုက်နာခြင်းမရှိဟုတွေ့ရှိရလျှင် လုပ်ထုံးလုပ်နည်းများနှင့်အညီ တာဝန်မှအဆင့်လျှော့ခြင်း၊ ထုတ်ပယ်ခြင်းတို့ ပြုလုပ်နိုင်သည်။ ယင်းသို့ဆောင်ရွက်ချက်များကို အသင်း၏အနီးကပ်အစည်းအဝေးသို့ တင်ပြရမည်။
၁၄။ ဘုတ်အဖွဲ့ဝင်ကော်မတီ၏ အစည်းအဝေးများကို ကျင်းပရာတွင် တက်ရောက်ခွင့်ရှိသူအားလုံး၏ (၅၀) ရာခိုင်နှုန်း တက်ရောက်မှသာ အစည်းအဝေးအထမြောက်သည်ဟု သတ်မှတ်သည်။
၁၅။ ဘုတ်အဖွဲ့ဝင်သည် သက်တမ်းအလိုက် ပြင်ပမှ တရားဝင်စာရင်းစစ်အဖွဲ့ကို အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခန့်အပ်နိုင်သည်။
၁၆။ အသင်း၏ ဘုတ်အဖွဲ့ဝင် အဆင့်ဆင့်ရွေးချယ်တင်မြှောက်ပွဲများကျင်းပရာတွင် လျှို့ဝှက်ဆန္ဒမဲစနစ်ကို ကျင့်သုံးရမည်။
၁၇။ အသင်း (MMCO) အတွင်း ဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် တစ်စီချင်းတာဝန်ယူသည့်စနစ်ကို ကျင့်သုံးရမည်။
၁၈။ အသင်း၏ ဘုတ်အဖွဲ့ဝင်များ၏ သက်တမ်းသည် ၎င်းကော်မတီ စတင်ဖွဲ့စည်းချိန်မှစ၍ (၅) နှစ် ဖြစ်သည်။
အသင်းဝင်များ၏ တာဝန်၊ ခံစားခွင့်နှင့် စည်းကမ်းများ
၁၉။ အသင်းဝင်များ၏ တာဝန်နှင့်ခံစားခွင့် —
- က အသင်းသားအသင်းဝင်များသည် မိမိတက်ရောက်ခွင့်ရှိသော ညီလာခံအစည်းအဝေးနှင့် ဆွေးနွေးခွင့်၊ မဲဆန္ဒပိုင်ခွင့်၊ အဆိုတင်သွင်းခွင့်နှင့် အသင်း၏စည်းမျဉ်းအရ သတ်မှတ်ထားသော အခြားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။
- ခ အသင်း၏လုပ်ငန်းဆောင်မြင့်ရေးအတွက် အကြံပြုချက်များ၊ ဝေဖန်ချက်များ၊ အဆိုပြုချက်များ၊ နစ်နာချက်များ၊ မကျေနပ်ချက်များကို အသင်းထံသို့ တိုက်ရိုက်သော်လည်းကောင်း၊ အခြေခံနည်းလမ်းဖြင့်သော်လည်းကောင်း အဆင့်ဆင့်တင်ပြပိုင်ခွင့်ရှိသည်။
- ဂ မိမိအားပေးအပ်သောတာဝန်နှင့် အစည်းအဝေးပွဲများကို မိမိကိုယ်တိုင်တက်ရောက်၍ စည်းကမ်းနှင့်အညီ ရှင်းလင်းပြောဆိုပိုင်ခွင့်ရှိသည်။
- ဃ အသင်းကပေးအပ်သော အခွင့်အရေးများကို အခါအားလျော်စွာ ခံစားခွင့်ရှိသည်။
- င အသင်းဝင်တိုင်းသည် မိမိယုံကြည်သောဘာသာကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိသည်။
၂၀။ အသင်းဝင်များလိုက်နာရမည့် စည်းကမ်းများ — အသင်းဝင်တိုင်းသည် အောက်ပါစည်းကမ်းများကို လိုက်နာစောင့်ထိန်းရမည် —
- က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကပြဌာန်းထားသော တရားဥပဒေကို လေးစားလိုက်နာရမည်။
- ခ ဤအသင်း၏စည်းမျဉ်းများပါ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်။
- ဂ အလားတူ မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း (MMCO) ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးအတွက် အစွမ်းကုန်ကြိုးစားဆောင်ရွက်ရမည်။
- ဃ မိမိပါဝင်သည့် အဖွဲ့အစည်း၏ လျှို့ဝှက်ချက်များနှင့် အဖွဲ့အစည်းအတွင်း အချေအတင်ဆွေးနွေးချက်များ၊ အပြန်အလှန်ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ယခုအသင်းကြီး၏ ပြင်ပသို့မပေါက်ကြားအောင် စောင့်ထိန်းကြရမည်။
- င အသင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးကြ၍ စည်းလုံးညီညွတ်ခြင်းနှင့် အသင်း၏ဂုဏ်သိက္ခာ တိုးတက်ရေးတို့အတွက် အစဉ်ကြိုးပမ်းနေကြရမည်။
- စ အသင်းအတွင်း ဂိုဏ်းခွဲခြင်း၊ အုပ်စုဖွဲ့ခြင်း စသည့် အသင်း၏အကျိုးပျက်စီးရာ ပျက်စီးကြောင်းကို မည်သည့်နည်းနှင့်မျှ ကြံစည်လုပ်ဆောင်ခြင်းမပြုရ။ လုပ်ဆောင်ပါက အသင်းဝင်အဖြစ်မှ ထုတ်ပယ်သည်အထိ အရေးယူခံရမည်။
- ဆ နှစ်စဉ်ကြေးကို မှန်မှန်ပေးသွင်းရမည်ဖြစ်သည်။
- ဇ အသင်း၏လှုပ်ရှားမှုတွင် မည်သည့်နိုင်ငံရေးအဖွဲ့အစည်း၏ လှုပ်ရှားမှုနှင့်မျှ သြဇာသက်ရောက်မှုမရှိစေဘဲ ကင်းရှင်းစေရမည်။
- ဈ မိမိတက်ရောက်ခွင့်ရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မပျက်မကွက် မှန်မှန်တက်ရောက်လုပ်ကိုင်နိုင်ရမည်။
ဘုတ်အဖွဲ့ဝင် ရွေးချယ်ခြင်း
၂၁။ အသင်း (MMCO) ၏ ဘုတ်အဖွဲ့ဝင် ရွေးချယ်တင်မြှောက်ပွဲကို (၅) နှစ် တစ်ကြိမ် ပုံမှန်ကျင်းပရမည်။ ပုံမှန်ကျင်းပမည့်ရက် မတိုင်မီ ရက်ပေါင်း (၃၀) စော၍ဖြစ်စေ၊ နောက်ကျ၍ဖြစ်စေ ကျင်းပနိုင်သည်။
၂၂။ အထက်ပါ ရွေးချယ်တင်မြှောက်ပွဲကျင်းပမည့် နေ့ရက်နှင့်အစီအစဉ်ကို အနည်းဆုံး ရက်ပေါင်း (၁၀) ကြိုတင်၍ တရားဝင်ကြေညာရမည်။
၂၃။ ဘုတ်အဖွဲ့ဝင် ရွေးချယ်ခြင်း —
- က အသင်း (MMCO) ၏ ဘုတ်အဖွဲ့ဝင် (၁၁) ဦးအား ရွေးချယ်တင်မြှောက်အစည်းအဝေးတွင် မိမိတို့အဖွဲ့ဝင်များထဲမှ ရွေးချယ်ရမည်။
- ခ ဘုတ်အဖွဲ့ဝင်ကော်မတီဝင်တစ်ဦးသည် တက်ရောက်ရန်ရှိသည့် အစည်းအဝေးများ၊ ဆွေးနွေးပွဲများကို မှန်မှန်တက်ရောက်ရမည်။
- ဂ ဘုတ်အဖွဲ့ဝင်ကော်မတီဝင်တစ်ဦးသည် မိမိဆန္ဒအလျောက် တဆက်တတည်း နိုင်ငံခြားသို့ (၆) လ သွားရောက်နေထိုင်ပါက လက်ရှိဘုတ်အဖွဲ့ဝင် တာဝန်မှ အလိုအလျောက် ရပ်စဲပြီးဖြစ်သည်။ ခိုင်လုံသောအကြောင်းပြချက်ရှိပါက ဆက်လက်တာဝန်ထမ်းဆောင်ခွင့်ရှိသည်။
- ဃ (၅) နှစ်တစ်ကြိမ် အသင်း၏ရွေးချယ်တင်မြှောက်ပွဲကို ပုံမှန်မပြုလုပ်နိုင်သောအခါ လက်ရှိဘုတ်အဖွဲ့ဝင်သည် ဆက်လက်တာဝန်ယူရမည်။
- င ဘုတ်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံမည့်သူသည် အခြားမည်သည့်အဖွဲ့အစည်းတွင်မှ တာဝန်ရှိဘုတ်အဖွဲ့ဝင်အဖြစ် ဆောင်ရွက်နေသူမဖြစ်စေရပါ။
ဘုတ်အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
၂၄။ အသင်း (MMCO) ဘုတ်အဖွဲ့၏ တာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် —
- က အသင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့် အောင်မြင်ရေးအတွက် နိုးကြားတက်ကြွစွာ ဆောင်ရွက်ရန်။
- ခ အသိအမြင်နှင့် အတွေးအခေါ်များ ဖွံ့ဖြိုးရေးအတွက် စည်းရုံးပညာပေးလှုံ့ဆော်ရန်။
- ဂ အသင်းဝင်များ၏ အသိပညာနှင့် လုပ်ငန်းဆိုင်ရာနည်းပညာ တတ်ကျွမ်းမှုတို့အတွက် စီစဉ်ဆောင်ရွက်ရန်။
- ဃ အသင်းဝင်များ၏ ဘဝအခြေအနေနှင့် အသိအမြင်များ တိုးတက်မြင့်မားလာရေးအတွက် စီစဉ်ဆောင်ရွက်ရန်။
- င အသင်းနှင့်သက်ဆိုင်သော ပြဿနာရပ်ရပ်ကို စည်းရုံးရေးအသွင်ဖြင့် ကူညီဆောင်ရွက်ရန်။
ဘုတ်အဖွဲ့ဝင် တစ်ဦးချင်းစီ၏ တာဝန်များကို နာယက၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ နိုင်ငံတကာဆက်ဆံရေးမှူး၊ ပြန်ကြားရေးမှူး၊ အမှုဆောင်အရာရှိချုပ်၊ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းအဖွဲ့အလိုက် သတ်မှတ်ထားပါသည်။
၂၅။ အသင်း (MMCO) ၏ လုပ်ပိုင်ခွင့်များမှာ —
- က အသင်း၏ မူပိုင်ခွင့်၊ အနုပညာကြေး၊ တရားသဖြင့်ရသင့်ရထိုက်သောအခွင့်အရေးများ၊ နစ်နာမှုများနှင့်စပ်လျဉ်းသောကိစ္စရပ်များကို ဥပဒေဘောင်အတွင်းမှ စည်းရုံးရေးနည်းလမ်းဖြင့် ဆောင်ရွက်ခြင်း။
- ခ တေးသီချင်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းများ ချောမောပြေပြစ်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အကြံပေးခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်ရမည်။
- ဂ တေးသီချင်းထုတ်လုပ်ဖြန့်ချိခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအခြားအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရမည်။
- ဃ အခါအားလျော်စွာ ကျင်းပပြုလုပ်သော ဂီတဆုများချီးမြှင့်ရေးနှင့် ယဉ်ကျေးမှုထိန်းသိမ်းရေးတို့အတွက် လိုအပ်သောကူညီဆောင်ရွက်မှုများ ပြုလုပ်ပေးရမည်။
- င တေးဂီတဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ တည်ဆဲဥပဒေများနှင့်အညီ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။
၂၆။ အသင်း (MMCO) ၏ ရွေးချယ်တင်မြှောက်ပွဲတွင် ဆောင်ရွက်ရမည့် တာဝန်များမှာ —
- က ဘုတ်အဖွဲ့ဝင်က တင်သွင်းသော အစီရင်ခံစာများ၊ ဘဏ္ဍာရေးအခြေအနေ ရှင်းတမ်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးခြင်း၊ မှတ်တမ်းတင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း။
- ခ အသင်း (MMCO) ၏ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်မှူး၊ ပြန်ကြားရေးမှူး၊ နိုင်ငံတကာဆက်ဆံရေးမှူးများကို ရွေးချယ်တင်မြှောက်ခြင်း။
- ဂ အသင်း (MMCO) နှင့်ပတ်သက်သော စည်းရုံးရေး၊ လှုံ့ဆော်ပညာပေးရေး၊ ကောင်းမွန်သောအကြံဥာဏ်ပေးရေး စသည့်ကိစ္စများကို ဆုံးဖြတ်ခြင်း။
- ဃ အခြားလိုအပ်သော အရေးကိစ္စများကို ဆုံးဖြတ်ခြင်း။
၂၇။ ဘုတ်အဖွဲ့သည် လစဉ်ပုံမှန်အစည်းအဝေးများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပရမည်။ လိုအပ်လျှင် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပနိုင်သည်။ အဆိုပါအစည်းအဝေးများသို့ စာရင်းစစ်အသင်းဝင်များကို တက်ရောက်ရန် ဖိတ်ကြားနိုင်သည်။
၂၈။ ဘုတ်အဖွဲ့သည် လုပ်ငန်းများဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန် ဘုတ်အဖွဲ့ဝင်များအပြင် အခြားသင့်လျော်သော အသင်းဝင်များဖြင့် လုပ်ငန်းအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။
၂၉။ ဘုတ်အဖွဲ့ဝင်တစ်ဦးဦးအား ဘုတ်အဖွဲ့ဝင် (၇၅) ရာခိုင်နှုန်း တက်ရောက်သော ဘုတ်အဖွဲ့အစည်းအဝေးတွင် အများဆန္ဒအရ တာဝန်မှရပ်စဲနိုင်သည်။ ထိုသို့တာဝန်မှရပ်စဲခြင်းကို အနီးကပ်ဆုံး အသင်း၏အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူရမည်။
၃၀။ ဘုတ်အဖွဲ့သည် စည်းကမ်းအရ အရေးယူရန်ကိစ္စများကို အသင်း၏စည်းမျဉ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်။
၃၁။ ဘုတ်အဖွဲ့သည် လိုအပ်လာသောစည်းမျဉ်းရှိပါက ညှိနှိုင်းရေးဆွဲ၍ အစည်းအဝေးတွင် တင်ပြအတည်ပြုချက်ယူရမည်။
၃၂။ ဘုတ်အဖွဲ့သည် လိုအပ်သောညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်နိုင်သည်။
အရေးယူခြင်း၊ အပြစ်ပေးခြင်းနှင့် အယူခံခြင်း
၃၃။ (က) အသင်းဝင်တစ်ဦးဦးသည် အသင်း၏စည်းမျဉ်းကို ဖောက်ဖျက်ကျူးလွန်ပါက အသင်း၏စည်းကမ်းအရ အရေးယူအပြစ်ပေးခံရမည်။
၃၃။ (ခ) အသင်းဝင်တစ်ဦးဦးသည် အောက်ဖော်ပြပါ ကိစ္စတစ်ရပ်ရပ်ကို ကျူးလွန်ပါက အသင်းကြီး၏ တည်ဆဲဖွဲ့စည်းပုံအခြေခံစည်းမျဉ်းအရ အရေးယူအပြစ်ပေးခံရမည်။
၃၃။ (ဂ) မြန်မာနိုင်ငံတော်နှင့် အသင်း၏ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းအောင် ပြုမူပြောဆိုရေးသားဖြန့်ဖြူးခြင်းများ မပြုလုပ်ရ။
၃၄။ အသင်း၏စည်းကမ်းချက်အရ အရေးယူအပြစ်ပေးသည့်အခါ အောက်ပါများပေါ်တွင် အခြေခံရမည် —
- က တာဝန်နှင့်အဆင့်အတန်းမခွဲခြားဘဲ အသင်း၏စည်းကမ်းများနှင့်အညီ အရေးယူအပြစ်ပေးခြင်း။
- ခ အသင်းဝင်တစ်ဦးအား အရေးယူအပြစ်ပေးခြင်းသည် အသင်းအနေဖြင့် နောင်အပြစ်ထပ်မံမကျူးလွန်စေရန် ပညာပေးပြုပြင်ညှိသဘောဖြစ်ခြင်း။
- ဂ နိုင်ငံတော်၏အကျိုး၊ အသင်းဝင်များ၏အကျိုး၊ အသင်း၏အကျိုးတို့ကို မထိခိုက်စေရန် ကာကွယ်ခြင်း။
၃၅။ အသင်း၏ ဘုတ်အဖွဲ့သည် အရေးယူခြင်း၊ အပြစ်ပေးခြင်း၊ အယူခံခြင်းတို့နှင့်စပ်လျဉ်း၍ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းပေးရမည်။
၃၆။ အသင်းဝင်တစ်ဦးဦးသည် မိမိအပေါ်ချမှတ်ထားသည့်ပြစ်ဒဏ်ကို မကျေနပ်ပါက ဘုတ်အဖွဲ့ထံသို့ အယူခံဝင်ဆောင်ရွက်နိုင်သည်။
ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းများကို ပြင်ဆင်ခြင်း
၃၇။ ဤအသင်း၏စည်းမျဉ်းများနှင့် ဘဏ္ဍာရေးစည်းမျဉ်းများကို ပြင်ဆင်ရန်လိုအပ်သည့်အခါ အသင်းအနေဖြင့် ပြင်ဆင်နိုင်ခွင့်ရှိသည်။
၃၈။ ထိုသို့ပြင်ဆင်လိုပါက ပြင်ဆင်လိုသည့်အကြောင်းအရာများကို ဘုတ်အဖွဲ့အစည်းအဝေးသို့ ကြိုတင်အကြောင်းကြားတင်ပြပြီး ဘုတ်အဖွဲ့၏ ဆုံးဖြတ်အတည်ပြုချက်ကို ရယူရမည်။
လုပ်ထုံးလုပ်နည်းနှင့် နည်းစနစ်များ ပြဌာန်းခြင်း
၃၉။ အသင်း (MMCO) ၏ ဘုတ်အဖွဲ့သည် ဤအသင်း၏စည်းမျဉ်းနှင့်အညီ လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို ပြဌာန်းရမည်။
၄၀။ အသင်းကြီး၏ ဘုတ်အဖွဲ့သည် ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ လုပ်ထုံးလုပ်နည်းများကို သတ်မှတ်ပြဌာန်းပိုင်ခွင့်ရှိသည်။
အသင်းဝင်ကြေး၊ နှစ်စဉ်ကြေးနှင့် အသင်း၏ရန်ပုံငွေ
၄၁။ အသင်းသည် မိမိအသင်း၏ရန်ပုံငွေဖြင့် ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေများကို အောက်ပါတို့မှ ရယူရမည် —
- က အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေး။
- ခ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များထံမှ ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ ရရှိသော ထောက်ပံ့ငွေ၊ လှူဒါန်းငွေ။
- ဂ အသင်း၏ လုပ်ငန်းဆောင်တာအဝဝမှ အချိုးကျခံစားခွင့်ရငွေ။
- ဃ နိုင်ငံတော်၏မူဝါဒများနှင့်ညီညွတ်သော ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်း ထူထောင်လုပ်ကိုင်သည့် လုပ်ငန်းများမှ ရရှိငွေများ။
၄၂။ အဖွဲ့အစည်း၏ ဘုတ်အဖွဲ့သည် အသင်း၏ရန်ပုံငွေများကို ဘဏ္ဍာရေးစည်းမျဉ်းများနှင့်အညီ သုံးစွဲ၍ အသင်း၏ညီလာခံသို့ တင်ပြရယူရမည်။
အထွေထွေ
၄၃။ ဤအသင်း၏စည်းမျဉ်းပါ စကားရပ်တစ်ခုသော်လည်းကောင်း၊ စကားရပ်များကိုလည်းကောင်း အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် မရှင်းလင်းပါက မြန်မာနိုင်ငံတေးသီချင်းမူပိုင်ထုတ်လုပ်သူများအသင်း၏ ဘုတ်အဖွဲ့က အဆုံးအဖြတ်ပေးပြီး အတည်ပြုချက်ရယူရမည်။